အာဇာနည်နေ့ တစ်ခေါက်ရောက်လာပြန်ပြီပဲ။
တိုင်းပြည်အတွက် အသက်စွန့်သွားတဲ့ အာဇာနည်တွေ။ သူတို့အတွက် ဘာတွေ လုပ်ပေးပြီး ကြပြီလဲ။ သူတို့ ချစ်တဲ့ တိုင်းပြည်အတွက် ဘာတွေ လုပ်ဖြစ်ကြပြီလဲ။ သူတို့ အသက်စွန့် ကာကွယ်သွားကြတဲ့ လူမျိုးအတွက် ဘာတွေ လုပ်ပေးပြီး ကြပြီလဲ။
အချိန်ကြာရင် မေ့မှာပဲ ဆိုပြီးတော့များ သဘောထားနေကြပြီလား။
ဒီမေးခွန်းအတွက် အဖြေ မရှိသေးတဲ့ အတွက် ကျနော် ရှက်မိပါတယ်။
Saturday, July 18, 2009
အာဇာနည်နေ့
Posted by Koolstar at 1:17 AM | Links to this post
Labels: ရောက်တတ်ရာရာ
Monday, July 13, 2009
ရန်ကုန်
ဘယ်လိုပဲ ဖြစ်ဖြစ် သူ ရန်ကုန်မှာ ပိုပျော်ပါသည်။
သူ့ကို မြို့ငယ်လေး တစ်မြို့မှာ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူတို့ မြို့မှာ အထပ်မြင့် တိုက်တွေ မရှိပါ။ ကတ္တရာလမ်း ဆိုတာလည်း စက်ဘီးနဲ့ ဆိုက်ကားများ ကြီးစိုးရာနေရာသာ ဖြစ်သည်။ စတိုးဆိုင်ကြီးတွေ၊ ဈေးဝယ် စင်တာတွေ ဆိုတာ ရုပ်ရှင်ထဲမှာသာ သူမြင်ဖူးလေသည်။
သူ ဆယ်တန်းအောင်တော့ ရန်ကုန်ကို ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သည်။ လမ်းသစ် ဗောတံတားကနေ ကုန်ဈေးတန်းလမ်းရှိ အမျိုးအိမ်သို့ လေးဘီးကား ဖြင့်လာရင်း မော့ကြည့်ရသော တိုက်မြင့်များကို စမြင်ဖူးခြင်း ဖြစ်သည်။ သူအရမ်းသဘောကျသွားသည်။ သိမ်ကြီးဈေးဆိုတာကလည်း သူ့မြို့က ဈေးနဲ့မတူ။ လမ်းဘေးမှာ ရောင်းသော ဘဲပေါင်းဆီချက်ကလည်း ကောင်းမှကောင်း။ ညအချိန် ရွှေတိဂုံဘုရားလမ်း ကုန်းကျော် တံတားပေါ်မှ နေ၍ နီယွန် မီးရောင်စုံများကို ကြည့်ရသည်မှာလည်း ရှုမငြီးဖွယ် ဖြစ်သည်။ ထိုစဉ်ကတည်းက သူရန်ကုန်မှာ နေဖို့ ကြိုးစားရန် ဆုံးဖြတ်မိသည်။
အခုတော့ သူ ရန်ကုန်မှာ နေတာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီ ဖြစ်သည်။ တိုက်တွေကလည်း သူ့ကို မဆွဲဆောင်နိုင်တော့ပြီ။ အထပ်မြင့် တိုက်တွေထဲက မွန်းကြပ်တဲ့ ဘဝတွေက စိတ်မောစေသည်။ သိမ်ကြီးဈေးသည်လည်း အရင်လောက် မစည်တော့ သလိုပင်။ နီယွန်မီးချောင်းတွေ လင်းဖို့ လျှပ်စစ်မီးက ရှားပါးစာရင်း ဝင်သွားပြီ ဖြစ်ရာ ညတွေက သဘာဝအတိုင်းသာ လှနေတော့သည်။
သို့သော် သူ ဇာတိမြို့တော့ မပြန်ချင်သေးပါ။ ထို့အတူ ရန်ကုန်ထက်သာသော အခြား မြို့များဆီသို့လည်း သူ ထွက်သွားရန် စိတ်မကူးတော့ပါ။ ရန်ကုန်နှင့်အတူ သူ့အား ချည်နှောင်ထားသော မိသားစုဆိုတာကို သူပိုင်ဆိုင်သွားသောကြောင့် ဖြစ်သည်။ ထို မိသားစုကို သူသယ်ဆောင်သွားနိုင်သော တစ်နေ့တွင်တော့ သူ သွားချင်စရာ မြို့တော်အသစ် တစ်ခုသို့ သွားဖြစ်ဦးမလား သူ မသိသေးပါ...................
Posted by Koolstar at 9:44 AM | Links to this post
ညီးညူခြင်း
အချိန်တွေ အကုန်မြန်တယ်ဆိုတာ စာမေးပွဲအတွက် စာကျက်မှပဲ သိတော့တယ်။ စာကဖြင့် ဘယ်လောက်မှ မပြီးသေး။ နောက်တစ်လကျော်ဆို စာမေးပွဲ ဖြေရတော့မယ်။ အောင်ရန် ရာနှုန်း ( ) လောက်ပဲ ရှိမယ်။
ပိုးဖလံတွေ မီးကို ဘာလို့ တိုးကြလဲဆိုတာ ငယ်ငယ်တုန်းက တွေးလို့ မရခဲ့ဘူး။ အခုလည်း ဘာလို့ ဆရာဝန်ဘဝမှာ ဖက်တွယ် နေမိလည်း မသိဘူး။ ညမအိပ်ရတဲ့ အလုပ်၊ လခ နည်းတဲ့ အလုပ်၊ မိသားစုနဲ့ အတူမနေရတဲ့ အလုပ်၊ နေရာ အတည်တကျ မရှိတဲ့ အလုပ်၊ တစ်ခါတစ်လေ ကိုယ်မတတ်နိုင်လို့ လက်လွှတ်လိုက်ရရင် ကိုယ့်အမျိုး မဟုတ်ဘဲ ဝမ်းနည်းရတဲ့အလုပ်။ ပျော်ရတယ်ဆိုတာ တစ်ခါတစ်လေလည်း ရှိပါရဲ့။ ဒါပေမယ့် စိတ်တိုင်းမကျ စိတ်ဓါတ်ကျစရာ အချိန်တွေက ပိုများနေသလိုပဲ။
အခုလည်း လက်ထောက်ဆရာဝန် ဘဝကနေ အထူးပြု ဆရာဝန်ဘဝ ဖြစ်အောင် စာအသေအလဲ ဖတ်နေရတယ်။ နယ်မှာဆိုတော့ ကျူရှင်လည်း မတက်နိုင်ပါဘူး။ ပိုက်ဆံကုန် သက်သာသွားတာပေါ့လေ။ စာဖတ်ဖော် မရှိတာတော့ မကောင်းဘူး။ တစ်ခုခုဆို အင်တာနက် တက်ရှာဖို့ကလည်း ဖုန်းလိုင်းတောင် မရှိတဲ့နေရာ ဆိုတော့။
တစ်ခါတစ်လေတော့လည်း ကျောင်းတုန်းကတည်းက ကြိုပြီးကျက်ခဲ့ရင် အခု ဒီလောက် ပင်ပန်းမှာ မဟုတ်ဘူး တွေးမိပါရဲ့။
Posted by Koolstar at 9:30 AM | Links to this post
Labels: ရောက်တတ်ရာရာ
Thursday, June 25, 2009
ရွေးချယ်မှု ....
တကယ်တမ်း နောက်ဆုတ်ရမယ် ဆိုတော့ နောက်တွန့်နေမိပြန်သည်။ ဝါသနာ မပါဘူးလို့ တစ်ချိန်လုံး ကြွေးကြော်ခဲ့သော်လည်း ရလာတဲ့ ပီတိတွေကို လိုချင်တပ်မက် ဖြစ်နေတတ်တာတော့ အသေအချာ ဖြစ်သည်။ ဝေးကွာသော တစ်နေရာ၊ မိသားစု လိုက်နေရန် အဆင်မပြေသော တစ်နေရာ၊ ဆေးခန်းဖွင့်ရန် မဖြစ်နိုင်သောနေရာ၊ မီးအမြဲလာသည်က လွဲ၍ အစားအသောက် အနေအထိုင် အဆင်မပြေသော နေရာ၊ ထိုနေရာကို ရောက်သည့်အချိန်မှ စ၍ သူ့ခေါင်းထဲတွင် အမြဲ တွေးနေတတ်သည်က အလုပ်ဆက်လုပ်လို့ ဖြစ်ပါ့မလား ဆိုတာပဲ ဖြစ်သည်။ နေရာကောင်းရရန် ကြိုးစားအားထုတ်ရမှာ ရှက်တတ်သော၊ အများ မိုးခါးရေသောက်ပစေ ကိုယ်ကတော့ ကိုယ့် ကျင့်ဝတ်နဲ့ ကိုယ်ပဲ ဟု အမြဲ ကြွေးကြော်ခဲ့သူ တစ်ယောက်အနေဖြင့် ဒီအခက်အခဲတွေက ထင်တာထက် ပိုများနေတာကိုတော့ ဝန်ခံမိသည်။ ပထမဆုံးလာသည့်နေ့က လိုင်းကား မရှိဘူး၊ ကုန်ကားနဲ့ လမ်းကြုံလိုက်ရမှာ ဆိုတုန်းက အတွေ့အကြုံဟု သဘောထားနိုင်သေးသော်လည်း နေစရာ အဆင်မပြေ အစားအသောက် က ဝယ်စားစရာ ဆိုင်ကမရှိသောအခါ သူအားလျော့တတ်လာသည်။ ပစ္စည်းကိရိယာ စုံလင်မှု မရှိသော၊ ပေးသင့်သော ဆေးထက် ပေးနိုင်သော ဆေးကို ဦးစားပေးသုံးရသော၊ ဓါတ်ခွဲစမ်းသပ်ခြင်းထက် မိမိ၏လက်၊ မျက်စိနှင့် နားကိုသာ အားထားရသော ဒီနေရာမှာ သူ့ကို သူ အပြည့်အဝ ယုံကြည်မှု မရဘဲ ဖြစ်နေတတ်သည်။
ရောမရောက်ရင် ရောမလိုကျင့်ရမှာပဲ ဆိုသော အကိုတစ်ယောက်၏စကားကို ကြီးနိုင်ငယ်ညှဉ်းနိုင်သော လောကတွင် ဘယ်လိုမှ ဆက်စပ်မရ ဖြစ်နေတတ်သေးသည်။ လာမတွေ့၍ ဟိုရွှေ့မည် ဒီရွှေ့မည်ဆိုတတ်သော လူကြီးတစ်ယောက်ကိုလည်းကောင်
သို့သော်လည်း ရိုးသားလွန်းလှသည့် ဒေသခံတွေကတော့ သူ့ကို အမောပြေစေခဲ့သည်သာ။ ကိုယ်တိုင်ကတော့ လုံချည် အပြဲနှင့် ဆေးရုံလာရသော်လည်း ဆရာဝန်ကို ဦးဂျမ်းပုဆိုးလေးနဲ့ ကန်တော့ချင်ကြသော ရင်ထဲက စေတနာက သူ့မျက်ရည်ဝိုင်းသည်အထိ ခံစားစေပြန်သည်။ သူမယူရက်၍ ပြန်ပေးလေတိုင်း စိတ်မကောင်းဖြစ်ကြသည်မှာလည်း သိသာလှပေသည်။ သူတတ်နိုင်သမျှ ကုသ၊ မတတ်နိုင်၍ လွှဲရသည့်အခါတိုင်း ဆရာတတ်နိုင်သလောက်ပဲ ကုပါ ကျနော်တို့ မသွားနိုင်တော့လို့ပါဆိုလာတိုင်း သူ မလုပ်နိုင်သော အရာအားလုံးကို ချက်ချင်း လုပ်တတ်ချင်လာသည်။
ဘာပဲဖြစ်ဖြစ် သူအလုပ်က ဒီလူတွေကို ကူညီနေတာပဲ ဆိုတာ သဘောပေါက်တိုင်းတော့ သူကျေနပ်မိသည်။
ဒီလိုနဲ့ပဲ သူ ... ဆုံးဖြတ်ရခက်နေဆဲဖြစ်သည်။
--
Posted by Koolstar at 12:20 PM | Links to this post
Saturday, March 07, 2009
သင်တန်းတက်ခြင်း
ဘာလိုလိုနဲ့ ၁၄ ပတ်ဆိုတဲ့ အချိန်ဟာ ကုန်ခါနီးပါပြီ။ ၄ ပတ်ပဲ ကျန်တော့မယ်။ အဲဒီအခါကျရင် အင်တာနက်ကို အရင်လို ပြန်သုံးနိုင်ပြီပေါ့။ မီးလာရင် ပြီးတော့ connection ကောင်းရင်ပေါ့လေ။
၁၀ ပတ်ကုန်သွားတဲ့ အချိန်နောက်မှာ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်တယ်။ ဘာတွေ အကျိုးရှိလာသလဲ လို့။
ကိုယ်အလေးချိန် ကျသွားပါတယ်။ ၁၀ ပေါင်ကျော်ကျသွားတာပါ။ ပြီးခဲတဲ့ နှစ်ဆန်းပိုင်းလောက်က စဝလာလိုက်တာ သင်တန်းမတက်မီ အထိ ကျနော် ၁၃၁ ပေါင်အထိ ရောက်သွားပါတယ်။ အခု ၁၂၀ လောက်ပဲ ရှိပါတော့တယ်။ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်၊ အချိန်မှန် လမ်းလျှောက်ရတာတွေရဲ့ အကျိုးကျေးဇူးပေါ့။ အစားအစာ စားမကောင်းလို့ မစားနိုင်တာလည်း ပါပါတယ်။
စာကျက်ဖို့ အစပျိုးဖြစ်ပါတယ်။ အဆောင်က hall type ဆိုတော့ စာကျက်ရတာ အာရုံ စူးစိုက်မှု မရပေမယ့် နည်းနည်းတော့ ကျက်ဖြစ်ပါတယ်။ စက်တင်ဘာ မှာ ဖြေရမှာ ဆိုတော့ နည်းနည်း မြန်မြန် ဖတ်ဖို့တော့ လိုတာပေါ့လေ။
လူတွေနဲ့ ပိုဆက်ဆံဖြစ်ပါတယ်။ အရင်က လူနာရယ် ဆရာဝန်ရယ် အလုပ်သမားရယ် မိသားစုရယ် သူငယ်ချင်းတွေရယ် ဒါတွေနဲ့ပဲ တွေ့ထိ ဆက်ဆံနေတာကနေ အခုတော့ နေရာအနှံ့က အရာရှိအမျိုးမျိုးနဲ့ ဆက်ဆံရတာပေါ့လေ။ နည်းနည်း အခက်အခဲ ရှိပေမယ့် မဆိုးပါဘူး။
Presentation skill တက်လာပါတယ်။ Discussion တွေမှာ ရှေ့ထွက်ပြီး များများပြောဖြစ်တယ်။ ဘယ်လို ပြောရင် ဆွဲဆောင်မှု ရှိလဲ။ ဘယ်လို ပြင်ဆင်ရမလဲ စသည်ဖြင့် အရင်ထက်တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုလာပါတယ်။
အနားရပါတယ်။ အလုပ်ကနေ ခဏ အနားရပါတယ်။ စိတ်လွတ်ကိုယ်လွတ် မဟုတ်ပေမယ့် အလုပ်မှာ ရှိတဲ့ စိတ်ဖိစီးမှုတော့ နည်းနည်း လျော့သွားတယ်။
ပိုတွေးဖြစ်ပါတယ်။ အနာဂတ်အတွက် ဘဝအတွက် ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ပေးချင်တာ ကိုယ်ယုံကြည်တာတွေကို မျှတအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ပိုနားလည်လာတယ်။ အရင်လို တဇွတ်ထိုး လုပ်ချင်ရာလုပ် ပြောချင်ရာပြောလို့ မရဘူးဆိုတာ ပို နားလည်လာပါပြီ။
ကျနော့ Consultant က ပြောဖူးတယ်။ "Life depends on your perspectives" တဲ့။ အရင်က နားမလည်ခဲ့ဘူး။ အခုတော့ နားလည်သွားပြီ။ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ကိုယ်အနေနဲ့ အကျိုးရှိမယ့် အရာကို အချိန်သုံးတတ်ဖို့ပဲ လိုတယ်။
--
junior
gmail ဖြင့် ဘလော့ သည်။
Posted by Koolstar at 5:40 AM | Links to this post
Saturday, December 13, 2008
30 years struggle
ဘာရယ် မဟုတ်ပါဘူး။ ဘဝဆိုတာ struggle ပဲ ဆိုတဲ့ ဆိုရိုးလေးကို သတိရလို့ပါ။ ဘာလိုလိုနဲ့ နှစ်သုံးဆယ် ရှိခဲ့ပြီပေါ့။ ရုန်းကန်ခဲ့ ရုန်းကန်ဆဲ ရုန်းကန်ရဦးမှာပါပေါ့လေ။
ဒီနေရာမှာ ကျေးဇူးအတင်ဆုံးက မိသားစုပါပဲ။ အချိန်ကြာလေ တန်ဖိုးရှိမှန်းသိလေ ပြန်မရလေ ဆိုတဲ့ အကောင်းဆုံး မိသားစုတစ်ခု ရှိခဲ့လိုသာ ကျနော် ဒီအခြေအနေကို ရောက်လာတာပါ။
နောက်တစ်ယောက်ကတော့ ကျနော့် နဲ့ အတူ လက်တွဲဖော် ပေါ့။ သူရဲ့ အားပေးမှုနဲ့ ဂရုစိုက်မှုတွေသာ မရှိရင် ဘဝကို အကောင်းမြင်တတ်ဖို့ ကျနော် မတတ်နိုင်ပါဘူး။ ကျနော့်ရဲ့ အောင်မြင်မှု ကျရှုံးမှု၊ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေ ဝေမျှခံစားပေးနိုင်တဲ့ သူပါပဲ။
နောက်ကျေးဇူးတင်ချင်တာကတော့ သူငယ်ချင်း ဆိုတာကိုပါပဲ။ ကျနော် မွေးနေ့တိုင်း အလိုချင်ဆုံးက သူငယ်ချင်းတွေဆီက မွေးနေ့ဆုတောင်း ဖြစ်သလို သူငယ်ချင်းတွေကလည်း အမြဲ မပျက်မကွက် ပေးလေ့ရှိတာကတော့ ကျေနပ်မိတယ်။
ကျနော့်ရဲ့ ဘလော့ဂ်လေးကို လာလာ အားပေးနေသလို ကျနော့်အတွက်လည်း မွေးနေ့ဆုတောင်းပေးတဲ့ အမ kom, sin dan lar, အမ နုသွဲ့တို့ကိုလည်း အရမ်းကို ကျေးဇူးတင်မိပါတယ်။ အနီးအနားမှာသာ ဆိုရင် မုန့်ဝယ်ကျွေးဖြစ်မှာ သေချာပေမယ့် အခုတော့ နောက်ကြုံရင် ကျွေးခိုင်းဖို့ မှတ်ထားနိုင်ပါတယ်။
ဖောင်ကြီးသွားမယ့် တစ်လအတွင်းမှာ ပို့စ်လုံးဝ မတင်ဖြစ်နိုင်ပေမယ့် ပြန်လာရင် တင်မှာ ဖြစ်လို့ လာလည်ကြဖို့လည်း သူငယ်ချင်းအားလုံးကို ဖိတ်ခေါ်ပါတယ်။ မေ့မသွားကြပါနဲ့။
အခုတော့ မီးပျက်ခါနီးပြီမို့ ရှည်ရှည်မရိုက်နိုင်တော့ပါဘူး။
ဂျူနီယာတစ်ယောက် လူသားပီသတဲ့ လူတစ်ယောက် ဖြစ်ပါစေလို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါဦး။
--
dr-junior.blogspot.com
Posted by Koolstar at 8:10 AM | Links to this post
Tuesday, December 09, 2008
မျှော်နေမယ်နော်
ဒီအချိန်ဆို ဒီလိုပဲ ဆိုတာ သိရက်နဲ့ သူရောက်မလာတော့ တော်တော် အံ့သြသွားသည်။ ဒီဇင်ဘာတောင် ရောက်ပြီပဲ။ နှစ်စဉ်နှစ်တိုင်း ဒီအချိန်ဆို သူပျောက်သွားသည်ပဲ။ ဥသြတွေ ရောက်လာသည် အထိ မစောင့်တော့ဘူးပေါ့နော်။ မရမှန်း သိရဲ့နဲ့ တောင်းပန်ကြည့်ချင်သည်။
တကယ်ဆို သူနှင့်ကိုယ် က ခွဲမရ။ ကိုယ် အလုပ်က ပြန်လာလို့ စာဖတ်ချိန်၊ အင်တာနက် တက်ချိန်များတွင် သူသည် မရှိမဖြစ်။ သူမရှိ၍ အဝတ်တွေကို လက်နဲ့ လျှော်ရသော် အခါများတွင် အဝတ်လျှော်ပျင်းသော ကိုယ့်အတွက် စိတ်ညစ်ရပြန်သည်။ အချိန်မရ၍ ကိုရီးယား ဇာတ်လမ်းတွဲသာ မကြည့်ဖြစ်ချင်နေမယ်။ ဟောလီးဝုဒ် ကားများကို အသည်းအသန်ကြိုက်သော ကိုယ့်ကို သူက အလိုက်သိတတ်ပြန်သည်။ ဆေးရုံတွင် အလုပ်များသော အခါများတွင်လည်း သူရှိနေရင်သာ မသိသာ။ သူမရှိသောအခါ အလွန်သိသာသည်။ ဘာမှ ဖြောင့်ဖြောင့်တန်းတန်း လုပ်မရတော့။ အကုန် နောက်ကျကုန်သည်။
တစ်ခါတစ်လေ သူမရှိလည်း ဖြစ်အောင် ကြိုးစားနေကြည့်ချင်သည်။ သို့သော် နေမရသေးမှန်းလည်း ကိုယ့်ကို ကိုယ် သိနေပြန်သည်။ သူမသွားအောင်လည်း ကိုယ်က မတတ်နိုင်။ နောက် ဘယ်တော့များမှ သူ ကိုယ့်နား အမြဲရှိမလဲ မျှော်လင့်မိသည်။ လောလောဆယ်တော့ မဖြစ်နိုင်သေး။
လျှပ်စစ်မီးသည် ကိုယ့်ဘဝမှာ မရှိမဖြစ်နည်းပါး ဖြစ်နေတာ စိတ်ကုန်စရာ ဖြစ်လာသည်။ အစားထိုးစရာလည်း ကိုယ်က မတတ်နိုင်သေး။ အခုခေတ် မီးစက်တွေက သိန်းဂဏန်းမှာ။ ဆီဖိုးကလည်း ကုန်ဦးမည်။ အင်ဗာတာနဲ့ ဘတ္ထရီနဲ့ တွဲသုံးကြည့်ဖူးသည်။ အမြဲတန်းတော့ အဆင်မပြေလှ။ မီးမှန်မှန်လာသောအခါ ဘတ္ထရီအားမသွင်းဖြစ် မသုံးဖြစ်သဖြင့် ပျက်ပြန်သည်။ ဘယ်လို လုပ်ရပါ့။ အခုလည်း မနက်ဖြန် seminar အတွက် powerpoint ရိုက်နေရင်းက ဘယ်တော့ ပျက်သွားမလဲ စိုးရိမ်နေရပြန်လေသည်။
အမြဲ မှန်ပါတော့ မီးရယ်။ ကိုယ် ဆုတောင်းနေဆဲပါ။
--
dr-junior.blogspot.com
Posted by Koolstar at 7:51 AM | Links to this post
စိတ်ကူးနဲ့လက်တွေ့
အစာများများ စားပါ
ဟုတ်ကဲ့
ဒီဆေး မှန်မှန်သောက်ပါ
ဟုတ်ကဲ့
သွေးလေးစစ်ကြည့်ပါဦး
ဟုတ်ကဲ့
အနားလည်း ယူဦးနော်
ဟုတ်ကဲ့
ဆေးခန်းက အထွက်မှာ
ကွမ်းယာဆိုင်ကိုပဲ
အားကိုးစရာလို့
ပုံအပ်လိုက်ရတယ်။
--
dr-junior.blogspot.com
Posted by Koolstar at 7:09 AM | Links to this post
Sunday, December 07, 2008
ဒီဇင်ဘာ
တကယ်တော့ ဒီဇင်ဘာ ဆိုတာ နှစ်တစ်နှစ်ရဲ့ လတစ်လမျှသာ ဖြစ်သည်။ သို့သော် ဒီဇင်ဘာ ကို ကျနော် တခြားလတွေထက် ပိုချစ်လေသည်။ ပထမဆုံး အချက်ကတော့ ကျနော့် မွေးလ ဖြစ်သောကြောင့် ဖြစ်သည်။ မွေးနေ့ကို ကျင်းပဖြစ်သည် ဖြစ်စေ မကျင်းပဖြစ်သည် ဖြစ်စေ၊ မနက်စောစော ဘုရားသွား ရခြင်းကို မပျက်ကွက်အောင် ကြိုးစားခဲ့သည်။ နှင်းတွေ (တချို့ကတော့ မြူတွေလို့ ပြောကြသည်) ဝေနေအောင် ကျနေလို့ကတော့ အဲဒီနေ့မှာ နေထွက်လို့ နှင်းကွဲသည်အထိ လမ်းလျှောက်နေမိသည်။ ခေါင်းမှာ နှင်းတွေနဲ့ စိုနေတာ၊ အသက်ရှု ထုတ်လိုက်တိုင်း အငွေ့တွေ ထွက်သွားတာ သဘောကျမိသည်။ ဘုရားက ပြန်အလာ လမ်းမှာ ဘယ်သူ အရင်ဆုံး Birthday wish လုပ်မလဲ ဆိုတာ မျှော်မိသည်။ အမြဲတမ်း အစောဆုံးလုပ်တတ်တာတော့ သူငယ်ချင်း ချောစု ဖြစ်တတ်လေသည်။ (သူ့မွေးနေ့ဆိုရင်တော့ အမြဲတမ်း သုံးရက်နောက်ကျပြီးမှ ဖုန်းဆက်ဖြစ်လေသည်။ သူက ဂျူလိုင် ၁၆ ဆိုတော့ အာဇာနည်နေ့ကျမှ သူ့မွေးနေ့ ကျော်လာမှန်း သတိရ၍ ဖြစ်သည်။)
ဒုတိယ အချက်ကတော့ အေး၍ ဖြစ်သည်။ အဲယားကွန်းဆိုတာနဲ့ တစ်ခါမှ မအိပ်ဖူးသူ၊ အမြဲတမ်း စောင်ခြုံမှ အိပ်တတ်သူ ဖြစ်ရာ ဆောင်းရာသီသည် အိပ်ရာထဲတွင် ဇိမ်အကျဆုံး ဖြစ်သည်။
တတိယအချက်ကတော့ ရုံးပိတ်ရက်အများဆုံးလ (ဧပြီလမှလွဲ၍) ဖြစ်ရာ ကျောင်းသားဘဝရော ဝန်ထမ်းဘဝတွင်ပါ မကြိုက်စရာ ဘာရှိသနည်း။ အဲ .. ပိတ်ရက် ဂျူတီကျရင်တော့ ပျင်းဖို့ကောင်းလေသည်။ ဆေးရုံတွင်တော့ ၃၁ ရက် ဂျူတီကို အမြဲ မဲနှိုက် ရွေးရလေ့ရှိသည်။ လူတိုင်းက သူ့အစီအစဉ်နဲ့သူကိုး။
ဒီနှစ် ဒီဇင်ဘာကတော့ နည်းနည်း ပျင်းဖို့ကောင်းမည် ဖြစ်သည်။ ၂၀ ရက်ဆိုလျှင် ဗဟို ဝန်ထမ်းတက္ကသိုလ် သွားတက်ရတော့မည် ဖြစ်သောကြောင့်။ ဘလော့ဂ်ရေးတာလည်း ခဏတော့ နားရပေဦးမည်။
--
dr-junior.blogspot.com (from Gmail)
Posted by Koolstar at 1:38 AM | Links to this post
